Thursday, December 24, 2009

ဖျာပုံတိုက်သစ်ဆရာတော်ကြီးနှင့်ချမ်းမြေ့ဆရာတော်ကြီး

ကိုဦးဆွေ……။
ဖျာပုံတိုက်သစ်ဆရာတော်ကြီး(အရှင်သြဘာသာဘိဝံသ)ကဆရာ့ရဲ့ဥပဇ္ဈာယ်ဆရာတော်ကြီးပါ။ ဆရာတော်ကြီးကမအူပင်မြို့နားက ခနောင်ထော်ရွာဇာတိပါ။ ဆရာ့အမေကလည်းခနောင်ထော်ရွာမှာ နှစ်တော်တော်ကြာနေခဲ့ဘူးပါတယ်။ ရန်ကုန်ရောက်ကြတော့လည်း ဆရာဒကာတွေပဲပေါ့။ဆရာတို့မိသားစုရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတက်အကျတွေကို ဆရာတော်ကြီးက အနီးကပ်သိရှိပါတယ်။ အနီးကပ်တပည့်ထားလေ့မရှိတဲ့ဆရာတော်ကြီးက ဆရာ့ကိုတော့ တပည့်ရင်းအဖြစ်အသိအမှတ်ပြုပါတယ်။
မင်္ဂလာဗျူဟာအဖွဲ့ချုပ်မှာ ဆရာတော်ကြီး သင်ကြားပို့ချခဲ့တဲ့
''ပဋိကတ်သုံးပုံပဒေသာဆရာဖြစ်သင်တန်း''ခုနစ်နှစ်ကျော်တက်ရောက်ဆည်းပူးရခြင်း၊ ဆရာတော်ကြီးရဲ့သံဃမဟာနာယက ဒုတိယဥက္ကဌအဖြစ်ဟောမိန့်ရမည့်မိန့်ခွန်းတွေနှုတ်တိုက်ချ
ပေးတာ လိုက်ရေးပေးရခြင်း၊ ဆရာတော်ကြီးပြုစုရေးသားခဲ့တဲ့ အကြိမ်ကြိမ်ထုတ်ဝေနေခဲ့ နေရဆဲဖြစ်တဲ့''သုတေသနသရုပ်ပြအဘိဓါန်'' စိစစ်ဖြည့်စွက်ရာမှာ အကူအညီပေးရခြင်း စတဲ့အလုပ်တွေကို ဆရာတော်ကြီးနဲ့ နီးနီးကပ်ကပ် လုပ်ပေးခဲ့ဖူးပါတယ်။
ချမ်းမြေ့ဆရာတော်ကြီး(အရှင်ဇနက္ကာဘိဝံသ)ကိုတော့ ဆရာ့ညီမ တွေနဲ့မိခင်ဒေါ်ကျင်မြိုင်တိုနဲ့ပတ်သက်ပြီး တွေဆုံဖူးမြော်ရင်းနှီးခွင့်ရခဲ့ပါတယ်။ ဆရာတော်ကြီးကို ဝိပဿနာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ဖူးသလို ဆရာက ကျူရှင်ဆရာဆိုတော့ ချမ်းမြေ့ဆရာတော်ကြီးရဲ့ တူ တူမတွေကို ကျောင်းစာတွေ သင်ပေးခဲ့ရဖူးပါတယ်။
 ကိုဦးဆွေရေ၊
တစ်နေ့ ဆရာဖျာပုံတိုက်သစ်ဆရာတော်ကြီးကို အမေတို့ ချမ်းမြေ့ဆရာတော်ကြီးထံ
မှာ ဝိပဿနာတရားအားထုတ်ကြကြောင်း ၊ ချမ်းမြေ့ဆရာတော်ကြီးနဲ့ တပည့်တော်တို့တွေ ရင်းနှီးကျွမ်းဝင်ကြကြောင်း လျှောက်မိတော့ ဖျာပုံတိုက်သစ်ဆရာတော်ကြီးက သူနဲ့ချမ်းမြေ့ဆရာတော်ကြီးတို့လဲ သိကျွမ်းခင်မင်ခဲ့ကြကြောင်း၊ ဆဋ္ဌသံဃာယနာတင်စဉ်
မူလဝိသောဓက၊ ပဋိဝိသောဓက အဖွဲ့များမှာ သာသနာ့တာဝန်အတူတကွ ထမ်းဆောင်ဖူးကြကြောင်း မိန့်တော်မူပါတယ်။
ပြီးတော့ 'မောင်ဖြူ မင်း၊ ချမ်းမြေ့ဆရာတော်ထံမှာဆက်ပြီး ဆည်းကပ်ချေ' လို့ မိန့်တော်မူပါတယ်။ ဖျာပုံတိုက်သစ်ဆရာတော်ကြီးရဲ့ 'သင့်ရာအပ်ပို့' သြဝါဒပေး သင်ထောက်ကူပါဘဲ။ ဒီလိုနဲ့ ဆရာ ချမ်းမြေ့ ယောဂီဖြစ်လာ၊ ရာသက်ပန်အသင်းဝင်ဖြစ်လာပြီး ချမ်းမြေ့ရိပ်သာနဲ့ ချမ်းမြေ့ဆရာတော်ကြီးရဲ့ ပြည်တွင်းပြည်ပသာသနာပြုလုပ်ငန်းတွေမှာ တတ်နိုင်သလောက်
ပါဝင်ကူညီလာနိုင်ခဲ့ပါတယ်။ အထူးသဖြင့်ကတော့ Vedio, VCD, MP3,CD တွေနဲ့ ဆရာတော်ကြီးရဲ့တရားတော်တွေ ထိန်းသိမ်းပြန့်ပွားအောင် လုပ်ပေးတဲ့နေရာတွေမှာပါ။ ဆရာ့အတွက်လည်း နိုင်ငံခြားသားယောဂီတွေကို မြန်မာပြည်အရပ်ရပ်
ဘုရားဖူးပို့ဆောင်ရာမှာ အင်္ဂလိပ်စကားပြော လက်တွေ့လေ့ကျင့်အသုံးချသင်ယူနိုင်ဖို့ ဆရာတော်ကြီးက သြဝါဒပေး စီမံပေးပြီး၊ ကွန်ပျူတာတွေအသုံးပြုခွင့်နဲ့ ကွန်ပျူတာကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံသင်ယူ၊ ဆွေးနွေးလေ့ကျင့်နိုင်ခွင့်ပါ ဆရာတော်ကြီးက ပံ့ပိုးပေးခဲ့ပါတယ်။
နောင်အခါ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ M.A နဲ့ Ph.D.သင်တန်းသားတွေကို 'Multimedia လက်တွေ့အသုံးချသင်တန်း' ဆရာကပြန်လည်ပို့ချ ပေးနိုင်ခဲ့တဲ့ အကျိုးကျေးဇူးတွေဟာ ချမ်းမြေ့ဆရာတော်ကြီးရဲ့'လက်တွေ့လေ့ကျင့်' သင်ထောက်ကူနဲ့ 'အကောင်းဆုံးသင်ထောက်ကူ=ကွန်ပျူတာ' အကြောင်းတရားတွေကြောင့်ပါပဲ။
ဒီလိုနဲ့ တစ်နေ့မှာ ချမ်းမြေ့ဆရာတော်ကြီးက ဆဋ္ဌသံဃာယနာတင်ခဲ့ကြစဉ်၊ ဖျာပုံတိုက်သစ်ဆရာတော်ကြီးနဲ့ကားတစ်စီးထဲပြန်ဘို့ကြုံကြပုံ၊ ကားပေါ်မှာဘေးချင်းကပ်ထိုင်တော်မူနေကြတုံးမှာ ဖျာပုံတိုက်သစ်ဆရာတော်ကြီးက''ဦးဇနက္က လက်ဖြန့်ပါဦး''ဆိုတာနဲ့ လက်နှစ်ဘက်ဖြန့်ပြတော့ ဖျာပုံတိုက်သစ်ဆရာတော်ကြီးက ချမ်းမြေ့ဆရာတော်ကြီးရဲ့လက္ခဏာတော်တွေကိုတစ်ခဏမျှကြည့်ပြီး''ဒီလိုလက်မျိုးကနိုင်ငံခြားသာသနာပြုရမဲ့လက်မျိုးဘဲ'' ဟုမိန်တော်မူပုံ ဆရာတို့ကိုပြန်ပြောပြပါတယ်။
ချမ်းမြေ့ဆရာတော်ကြီးကတိုတိုတုတ်တုတ်မိန့်တော်မူခဲ့ပေမဲ့ ဆရာစိတ်ထဲမှာတော့ ဖျာပုံတိုက်သစ်ဆရာတော်ကြီးရဲ့လက္ခဏာပညာအစွမ်းနဲ့သိုသိုသိပ်သိပ်နိုင်ပုံကိုအံ့သြချီးကျူးခဲ့မိပါတယ်။ နောင်အခါမှာ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်ကြီးဖြစ်လာမဲ့
ချမ်းမြေ့ဆရာတော်ကြီးကိုလက္ခဏာလေးခဏကြည့်ယုံနဲ့ကြိုကြိုတင်တင်မှန်မှန်ကန်ကန်ဟောနိုင်ပုံကိုကျေနပ်အားရမိပါတယ်။ ဖျာပုံတိုက်သစ်ဆရာတော်ကြီးဟာအခြားသောပညာရပ်တွေနဲ့ပတ်သက်ပြီး အားကျအောင် ဗဟုသုတဖြစ်အောင် ပြည့်ပြည့်စုံစုံ ဒါမှမဟုတ် အနည်းအကျဉ်းလောက်တော့ ဆရာ့ကိုဟောမိန့်တော်မူလေ့ရှိပါတယ်။ ဒါပေမဲ့ လက္ခဏာပညာနဲ့ပတ်သက်လို့ကတော့
ဆရာတော်ကြီးတတ်ကျွမ်းကြောင်းတစ်စွန်းတစ်စတောင် ဆရာတော်ကြီးလွန်တော်မူတဲ့အထိ ဆရာ မရိပ်မိခဲ့ပါဘူး။ လက္ခဏာဗေဒင်နဲ့လောကီအတတ်ပညာတွေအပေါ် စိတ်ဝင်စားမှုအားကြီးတဲ့ တပည့်တစ်ယောက် တဘက်စွန်းမလိုက်မိအောင် သိုသိုသိပ်သိပ်နေတော်မူခဲ့တာပါ။
ကိုဦးဆွေရေ ၊
ဒါတွင်မက ''အတ္တကဝစရ'' ''ကြံဆ၍မသက်ဝင်နိုင်၊ ''ကြံဆ၍သိနိုင်ခဲသည်''ဆိုတဲ့မဂ်ဖိုလ်နိဗ္ဗာန်နဲ့ဆိုင်တဲ့
သြဝါဒကိုလည်းဖျာပုံတိုက်သစ်ဆရာတော်ကြီးကဆရာ့ကိုအကြိမ်ကြိမ်အထပ်ထပ် သတိပေးတော်မူခဲ့ပါတယ်။ ဆရာ့အတွက်တော့ အသက်ကလေးရလာလေ တန်ဘိုးတက်လာလေလေ တန်ဘိုးမဖြတ်နိုင်တဲ့ ''သြဝါဒ သင်ထောက်ကူ''ပါဘဲ ကိုဦးဆွေ။
ဟော ရေးရင်းသားရင်း ဖျာပုံတိုက်သစ်ဆရာတော်ကြီးရောချမ်းမြေ့ဆရာတော်ကြီးပါ ကြိုက်ချင်မှကြိုက်တော်မူကြမဲ့
အောက်ပါသင်ထောက်ကူကဗျာလေးနဲ့ ဆရာ့ဆောင်းပါးကိုနိဂုံးချုပ်ချင်လာတယ် ကိုဦးဆွေ။ (ဆရာတော်ကြီးတွေအကြောင်းရေးရင်း မဆီမဆိုင်မှန်းသိပေမဲ့ မကျေနပ်လို့ဘဲဆိုပါတော့….။)
ကိုဦးဆွေအနေနဲ့ ဆရာစံဇာဏီဘို နဲ့တိုင်ပင်ပြီး မိုးဆမ်းပန်းရဲ့ ဂန္ဒ္ဓာလရာဇ်ဗေဒင်စာမျက်နှာအောက်နားမှာ လစဉ်ဖေါ်ပြပေးရင်ကောင်းလေ မလား?။ ဘာနှစ်ဘွားဆိုတာသိချင်သူတွေ အလွယ်တကူသိနိုင်၊ ပြီးမှဗေဒင်ဆက်ကြည့်နိုင်အောင်လေ ။
# ကြွက် နှင့် နွား ကျား၊ ယုန် နဂါး မြွေ။
# မြင်း ဆိတ် မျောက် ကြက်၊ ခွေး ဝက် နှစ် တွေ။
# ၁၉ဝဝ အတွက်၊ ကြွက်နှစ် စပေ။
# ၁၂ ပေါင်း နောက်နှောင်း၊ တိုးတွက်လေ။
၁၉ဝဝ ကြွက်နှစ်၊ ၁၉ဝ၁ နွား၊ ၁၉ဝ၂ ကျား စသည်။
၁၉၁၂ ကြွက်နှစ်၊ ၁၉၁၃ နွား၊ ၁၉၁၄ ကျား စသည်။
ထို့အတူ ၁၉၂၄၊ ၁၉၃၆၊ ၁၉၄၈၊ ၁၉၆ဝ၊ ၁၉၇၂၊ ၁၉၈၄၊ ၁၉၉၆၊ ၂ဝဝ၈ များသည် ကြွက်နှစ်များဖြစ်သည်။
၂၀၀၈ ကြွက်နှစ်၊ ၂၀၀၉ နွား၊ ၂၀၁၀ ကျား၊ ……။
ဒါကြောင့် ၂၀၁၀ ကျားနှစ်။

ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာရပါစေ။
လန်ထောင်စပ်စုလေး
( ၂၀၀၄-၂၀၀၅ ခုနှစ် လောက်က မိုးဆမ်းပန်းဂျာနယ်မှာ ကိုဦးဆွေ တာဝန်ခံအယ်ဒီတာ လုပ်နေတုံး ရေးပေးခဲ့ဘူးတဲ့ ဆောင်းပါးတပုဒ်ပါ။ စီဒီ အဟောင်းတွေ ပြန်ဖွင့်ကြည့်ရင်းတွေ့လို့ အခု blog စာမျက်နှာပေါ်တင်လိုက်ပါတယ်။ အဲ့ဒီတုံးက ဆရာစံဇာဏီဘို ကလဲ မိုးဆမ်းပန်းဂျာနယ် ရဲ့ ဂန္ဒ္ဓာလရာဇ်ဗေဒင်စာမျက်နှာမှာ ကြွက်နှစ်၊ နွားနှစ်၊ ကျားနှစ် …စသည်ဖြင့် အဟောတွေရေးနေချိန်ပါ။ ကြွက်နှစ်၊ နွားနှစ်၊ ကျားနှစ် ဖွားတွေ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ ဟောနေပေမဲ့ ဘယ်နှစ်ဘွားက ကြွက်နှစ်၊ ဘယ်နှစ်ဘွားက နွားနှစ်၊ ဘယ်နှစ်ဘွားက ကျားနှစ်… စသည်ဖြင့် ဖေါ်ပြမပေးဘဲ ဇွတ်ဟောနေတာ မကျေနပ်တာနဲ့တကယ်ဗေဒင်လက္ခဏာကျွမ်းကျင်ကြတဲ့ဆရာတော်ကြီးတွေရဲ့သိုသိုသိပ်သိပ်နေတော်မူကြပုံကိုတစွန်းတစဖေါ်ပြလိုလို့ ရေးလိုက်တာဖြစ်မယ်ထင်ပါတယ်။)

No comments: