Sunday, November 30, 2008

နှစ် ၂၀၀ ပြက္ခဒိန် နိဒါန်း။

မေတ္တာတသက်မမှိန် နှစ် ၂၀၀ ပြက္ခဒိန် ဆိုတာ သာယာဝတီထောင်နဲ့ အင်းစိန်ထောင်က စခဲ့တာပါ။ လန်ထောင်စပ်စုလေးရဲ့ သာယာဝတီထောင် က လက်ပါးနဲ့အရူးတိုက် ဆောင်းပါးထဲက ဒီစာကြောင်းလေးတွေဖတ်ကြည့်စေလိုပါတယ်။

------------------------
နောက်ထူးခြားမှုတခုကတော့ နှစ် ၂၀၀-ပြက္ခဒိန်ပါဘဲ။ ထောင်တွေထဲက တိုက်တွေထဲ တိုက်ပိတ်နေရသူတွေဟာ နံရံတွေပေါ်မှာ ဟိုရေးဒီခြစ် လုပ်လေ့ရှိပါတယ်။ တပါးသူရေးထားတာတွေလဲ အလွတ်ရသည်အထိ အကြိမ်ကြိမ်ဖတ်ကြတာပါဘဲ။ ဒီလိုနဲ့ စာဖတ်ခွင့်ပိတ်ပင်မှုကိုဆန့်ကျင် တော်လှန်ကြတာပါ။ ဆင်ကြီးကို သဲတပွင့်နဲ့ ပစ်တာပါ။ ဒါပေမဲ့ တခါတခါ ဒီသဲတပွင့်က ဆင်ကြီးရဲ့ မျက်လုံးထဲဝင်သွားရင် ဆင်ကြီးပြာပြာသလဲ ယောက်ယက်ခတ်သွားတတ်မြဲပါ။

စပ်စု အခုနေရတဲ့ တိုက်ခန်းနံရံမှာ အရင်နေသွားသူ တယောက်ယောက်က ပြက္ခဒိန်လေးတခု မီးသွေးခဲနဲ့ မှိန်မှိန်ရေးထားခဲ့ပါတယ်။ ရိုးရိုးသားသား ပြက္ခဒိန်ပါ။ ဘာဆန့်ကျင်မှု ဘာလျှို့ဝှက်မှု မှ မပါ ပါဘူး။ ဒါကိုတနေ့မှာ ၀န်ထမ်းတဦးက တွေ့သွားပြီး ဘာမပြော ညာမပြော ထုံးဖြူဖြူ ကွက်သုတ်ပြီး လာဖျက်သွားပါတယ်။ စပ်စုစိတ်ထဲမှာတော့ မကြည်လင်ပါဘူး။ မကျေညက်ပါဘူး။

တနေ့မှာတော့ ငယ်စဉ်က ကျက်ထားတဲ့ ကဗျာလေးတပုဒ်ထဲက မှတ်မိသမျှ
စာသားလေးတွေ ပြန်ဆိုကြည့်မိပါတယ်။ " မှတ်စရာ နောင်လာများ၊ ထောင်ရာအား ချန်ပါ။
ဆောင်ကာထား ကျန်နှစ်ဖြာကို၊ မှန်မကွာ ၄-ခုနဲ့စား၊ -----၊ သိလိုရက်ဖြည့်စွက်ကာရယ်၊
စားသတ္တာ ဆပွားလို့၊-----၊ ရက်ထပ်နှစ်သိလိုပါရင်၊------။"
အကုန်မမှတ်မိတော့ပေမဲ့ ခုနှစ်, လ, ရက် ကနေ နေ့ကိုတွက်ယူနိုင်တဲ့ ပြက္ခဒိန် ကဗျာလေးပါ။ ဒီကဗျာလေးကို အခြေခံပြီး "တက်ပု" ကောက်ရလာတဲ့ ရှေးခေတ်ကျောက်တံကြီး တချောင်းနဲ့ ကြမ်းပြင်မှာ ပြက္ခဒိန် ဖေါ်မြူလာ တွက်ထုတ်ကြည့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ "ဖေဖ၀ါရီ ၁၃-မှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅-ရှေ့နေ ဦးဖါသား၊" စနေနေ့ရယ်။ ၁၉၄၇-ဇူလိုင်၁၉ရက် စနေနေ့ရယ်။ စပ်စုရဲ့မွေးနေ့ ၁၉၅၂ စက်တင်ဘာလ ၁၃-ရက်၊ စနေနေ့ရယ်။ စပ်စုရဲ့ သားသမီး ၃-ယောက် မွေးနေ့တွေရယ် ပေါင်းစပ်လိုက်တော့ ပြက္ခဒိန် ဖေါ်မြူလာ တခုရပါတယ်။ တွေ့သမျှ မွေးသက္ကရာဇ်မေးပြီး တွက်ချက်ကြည့်တော့ အဖြေမှန် အမြဲရနေရော။ ဒါကိုကြမ်းပြင်ပေါ်မှာဘဲ ဒီဇိုင်းဆွဲ။ နောက်တော့ ဘီစကွပ်မုံ့ထုတ် အောက်ခံကဒ်ပြားတခုမှာ ရေးခြစ်ဖြတ်တောက် ဖေါက်ထုတ်လျော်တိုက် စမ်းသပ်ကြည့်တော့ AD ၁၉၀၀ ကနေ AD၂၀၀၀ အထိကြည့်လို့ရတဲ့ အိတ်ဆောင် နှစ် ၁၀၀-ပြက္ခဒိန်လေးတခုဖြစ်လာပါတယ်။

အင်းစိန်ထောင်ပြန်ရောက်တော့ ဖြစ်နိုင်ခြေ ဒီဇိုင်းအမျိုးမျိုး လျှို့ဝှက်ကြံစည်ရေးဆွဲပုံစံထုတ်နိုင်ခဲ့ပါတယ်။ ထောင်ကလွတ် ကျူရှင်လုပ်ငန်းပြန်လုပ်၊ ၁၀-တန်း English စာမှာThe Calendar ဆိုတာပြဋ္ဌာန်း တော့ နှစ်၁၀၀ ကနေ နှစ် ၂၀၀ ပြက္ခဒိန် ဖြစ်လာပါတယ်။ စပ်စုရဲ့ ၄-လက်မခွဲ x ၃-လက်မ ကဒ်ပြား ၂ချပ်သာ ပါတဲ့ နှစ် ၂၀၀-ပြက္ခဒိန် သင်ထောက်ကူဟာ အဲ့ဒီလို သာယာဝတီထောင် အင်းစိန်ထောင် ကနေ စတင်ပေါက်ဖွားခဲ့တာပါ။

မြန်မာပြည်အနှံ့ ဖြန်ချိနိုင်ခဲ့ပြီး အခု အိန္ဒိယကတဆင့် ကမ္ဘာကိုဖြန့်ဘို့ အဆင်သင့်ဖြစ်နေပါပြီ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့် အပါအ၀င် ကမ္ဘာ့ပြည်သူအားလုံး အတိတ် ပစ္စုပ္ပန် အနာဂတ် အချိန်တွေကို လွတ်လွတ်လပ်လပ် သိပိုင်ခွင့်။ ပြက္ခဒိန်လူ့အခွင့်ရေးလှုပ်ရှားမှုတခုပါ။ စပ်စုအနေနဲ့တော့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက်တွေ တည်ထောင်ဘို့ ရန်ပုံငွေရှာရာမှာ ဒီပြက္ခဒိန်လေးတွေ ရောင်းချဖြန့်ချိနေပါတယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးကြိုးပမ်းမှု ရန်ပုံငွေရနိုင်ဘို့ ဒီနှစ်၂၀၀-ပြက္ခဒိန်လေးတွေကို အသုံးပြုချင်တယ်ဆိုရင် လိုအပ်တဲ့ ဒီဇိုင်းလုပ်အားဒါနကူညီဖို့အစဉ်သင့်ပါဘဲ။ 200ycalendar@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။

နှစ်ပေါင်းရာနဲ့ ထောင်နဲ့ချီပြီး သုံးနိုင်တဲ့ ပြက္ခဒိန်ဒီဇိုင်းတမျိုး ကမ္ဘာ့ပြည်သူတွေကို ပေးအပ်နိုင်အောင် ပြက္ခဒိန်လူ့အခွင့်အရေးကို ပိတ်ပင်ခဲ့တဲ့ သာယာဝတီထောင် အင်းစိန်ထောင်နဲ့ န၀တ, နအဖ တို့ကိုလဲ စပ်စုက ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီဆောင်းပါးက တဆင့် အသိပေးပါရစေ။